The Search

The Search

နယူးယောက်မြို့

နယူးယောက်ပြည်နယ်၏ အကြီးဆုံးမြို့

နယူးယောက်စီးတီး သို့မဟုတ် နယူးယောက်ဟု ခေါ်ဆိုလေ့ ရှိကြသော နယူးယောက်မြို့သည် အမေရိကန်ပြည်ထောင်စုရှိ လူဦးရေ အများဆုံး မြို့တစ်မြို့ ဖြစ်သည်။ ၂၀၁၈ ခုနှစ် ခန့်မှန်းခြေ လူဦးရေ ၈,၃၉၈,၇၄၈ ဦး ရှိပြီး ကုန်းမြေဧရိယာ ၃၀၂.၆ စတုရန်းမိုင် ပေါ်တွင် နေထိုင်ကြသည်။ အမေရိကန်ပြည်ထောင်စုရှိ မြို့ကြီးများထဲမှ လူဦးရေ အထူထပ်ဆုံး မြို့တစ်မြို့လည်း ဖြစ်သည်။ နယူးယောက်ပြည်နယ်၏ တောင်ဘက်အစွန်ဆုံးတွင် တည်ရှိသော နယူးယောက်မြို့သည် ကမ္ဘာပေါ်တွင် မြို့ပြဧရိယာအားဖြင့် အကြီးဆုံး မက်ထရိုပိုလစ်တန်ဒေသဖြစ်သော နယူးယောက် မက်ထရိုပိုလစ်တန်ဒေသ၏ ဗဟိုအချက်အချာတွင် တည်ရှိပြီး ကမ္ဘာပေါ်တွင် လူဦးရေ အထူထပ်ဆုံး မဂ္ဂါစီးတီးမြို့တော်ကြီးများတွင် တစ်ခု အပါအဝင် ဖြစ်သည်။ ၂၀၁၈ ခုနှစ် မက်ထရိုပိုလစ်တန် စာရင်းအင်း ဒေသတွင် လူဦးရေ ၁၉,၉၇၉,၄၇၇ ဦး ရှိပြီး ပေါင်းစပ် မက်ထရိုပိုလစ်တန် စာရင်းအင်းဒေသတွင် လူဦးရေ ၂၂,၆၇၉,၉၄၈ ဦး ရှိသည်။ ကမ္ဘာလုံး ဆိုင်ရာ မြို့တော် တစ်ခု ဖြစ်ပြီး နယူးယောက်မြို့တော်အား ကမ္ဘာ၏ ယဉ်ကျေးမှုဆိုင်ရာ ၊

ငွေကြေးဆိုင်ရာ နှင့် မီဒီယာဆိုင်ရာ မြို့တော် တစ်ခု အဖြစ် သတ်မှတ်ကြပြီး ကူးသန်းရောင်းဝယ်ရေး၊ ၊ ဖျော်ဖြေရေး၊ သုတေသန၊ နည်းပညာ၊ ပညာရေး၊ နိုင်ငံရေး၊ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း၊ အနုပညာ၊ ဖက်ရှင် နှင့် အားကစားတို့အပေါ်တွင် သိသာထင်ရှားသော ရိုက်ခတ်လွှမ်းမိုးမှု ရှိသော မြို့တစ်မြို့ ဖြစ်သည်။ မြို့တော်အတွင်း လျင်မြန်စွာ လှုပ်ရှား ပြုမှုနေကြခြင်းကြောင့် နယူးယောက်မိနစ် ဆိုသော စကား ဖြစ်ပေါ်လာခဲ့သည်။ ကမ္ဘာ့ ကုလသမဂ္ဂ ရုံးချုပ် တည်ရှိရာ မြို့ ဖြစ်သဖြင့် နယူးယောက်မြို့သည် နိုင်ငံတကာ သံတမန်ရေးရာအတွက် အရေးပါသော နေရာဌာန တစ်ခု ဖြစ်သည်။

Wikipedia · CC BY-SA